အာရုဏ်ဦး ဘုရားရှိခိုးများ

(ဂုဏ်တော်ဘုရားရှိခိုး၊ စာမျက်နှာ ၂၉)

ဘုရားရှိခိုး အကျဉ်း

ကိုယ်တော်တိုင် ကိလေသာခပ်သိမ်း ချုပ်ပြတ်ငြိမ်းလျက် ဒုက္ခဇာတ် သိမ်းတော်မူပြီးသည်ဖြစ်၍ သတ္တဝါဝေနေ တပည့်တွေကိုလည်း ကိလေသာငြိမ်းကြောင်း နည်းကောင်းညွှန်ပြ ဆိုဆုံးမ၍ ဒုက္ခအထွေထွေ ငြိမ်းအေးစေတော်မူသော မြတ်စွာဘုရားကို တပည့်တော်သည် ကြည်ညို မြတ်နိုးလက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

တရားရှိခိုး အကျဉ်း

ဆင်းရဲအဖြာဖြာ ငြိမ်းလိုပါ၍ လိုက်နာကြသူ များဗိုလ်လူကို အပူငြိမ်းအေး ဆင်းရဲဘေးမှ ကင်းဝေးလေအောင် နိဗ္ဗာန်သောင်သို့ ပို့ဆောင်ပေတတ် တရားတော်မြတ်ကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

သံဃာရှိခိုး အကျဉ်း

မြတ်စွာဗုဒ္ဓ ဟောညွှန်ပြ၍ ဆုံးမတိုင်းသာ သုံံးသိက္ခာကို ကောင်းစွာလည်းကျင့် ဖြောင့်စွာကျင့်၍ ဖြည့်ကျင့် မှန်စွာ အရိယာဟု ရှစ်ဖြာသန့်စင် ထေရ်အရှင်နှင့် နွယ်ဝင်အရိယာ မြတ်သံဃာကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ အရှင်ဘုရား။


(ဂုဏ်တော်ဘုရားရှိခိုး၊ စာမျက်နှာ ၅၆)

ဗြဟ္မစိုရ် တရား လေးပါး

ဗြဟ္မဝိဟာရ = ဗြဟ္မစိုရ် တရား လေးပါး

မေတ္တာ = သတ္တဝါတို့ အကျိုးစီးပွါးကို လိုလားသောစိတ်။
ကရုဏာ = ဆင်းရဲသော သတ္တဝါကို သနားကြင်နာခြင်း။
မုဒိတာ = သူတပါး ကြီးပွါးချမ်းသာသည်ကို ဝမ်းသာခြင်း။
ဥပေက္ခာ = မိမိကံအလျောက် ဖြစ်ကြရတာပဲဟု အလယ်အလတ် သဘောထားခြင်း။

မေတ္တာပို့

သဗ္ဗေသတ္တာ = သတ္တဝါ မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။ [မေတ္တာပို့]
ဒုက္ခာ မုစ္စန္တု = ဆင်းရဲခြင်းမှ လွတ်ကင်းကြပါစေ။
[ကရုဏာပို့]

ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု = ရပြီးသား စည်းစိမ်ချမ်းသာမှ မကင်းကွာ မယုတ်လျော့ကြပါစေနှင့်။ [မုဒိတာ]

ကမ္မဿကာ = မိမိ၏ ကောင်းမှု မကောင်းမှု သည်သာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား။ [ဥပေက္ခာပွါး]


ပရိကံ

ဘုရားတပည့်တော်(တို့)သည် သံသရာအစမှစ၍ ယနေ့တိုင်အောင် ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရတနာမြတ်သုံးပါး၊ မိဘဆရာသမား၊ ကျေးဇူးရှင်ပုဂ္ဂိုလ်၊ အကျင့် သီလနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့၏ အပါ်၌ ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသော ကံတို့ဖြင့်ပြစ်မှား မိသည် ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ၊ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ဘုရား။

မိမိခန္ဓာကိုယ်ကို စွန့်လှူအပ်နှံခြင်း

တပည့်တော်(တို့)၏ ခန္ဓာကိုယ်နှင့် အသက်ကို မြတ်စွာဘုရားအား လည်းကောင်း၊ ဆရာသမားများအား လည်းကောင်း စွန့်လှူအပ်နှံပါ၏ ဘုရား။ (၃ကြိမ်)

ဗုဒ္ဓနုဿတိဘာဝနာ

အရဟံ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။ (၃ကြိမ်)

မေတ္တာဘာဝနာ

အားလုံးသတ္တဝါတွေ ကျန်းမာ ကြပါစေ၊ ချမ်းသာ ကြပါစေ၊ ကိုယ်ဆင်းရဲကင်း ကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ အစစအရာအရာ အဆင်ပြေကြပါစေ။ (၃ကြိမ်)

အသုဘဘာဝနာ

ဤခန္ဓာကိုယ်ကြီးသည် သွေး၊ ချွေး၊ ပြည်၊ သလိပ်၊ ကျင်ကြီး၊ ကျင်ငယ် စသောရွံစရာ၊ စက်ဆုတ်စရာ တို့နှင့် ပြည့်နှက်နေသော ခန္ဓာကိုယ်ကြီးပါတကား။ (၃ကြိမ်)

မရဏဿတိဘာဝနာ

မွေးဖွားလာသော သတ္တဝါမှန်သမျှ သေကြရသည်ချည်းသာ ဖြစ်ပါသည်။ သေခြင်းတရားသည် သတ္တဝါတို့၏နောက်က ကပ်လျက်အမြဲတစေ လိုက်ပါနေပါတကား။ (၃ကြိမ်)

သတိပဋ္ဌာန်ပွါးခြင်း၏ ရည်ရွယ်ချက်

စက္ကန့်၊ မိနစ်၊ နာရီ၊ ရက်၊ လ၊ နှစ် တွေပြောင်း ကြ၍၊ အဟောင်း၊ အဟောင်းတွေ ချုပ်ပျောက်၊ အသစ်အသစ်တွေ ပေါ်ပေါက်ကြကာ၊ ခဏမစဲ ပြောင်းလဲနေသော ရုပ်သဘာဝ၊ နာမ်သဘာဝ တို့၏ မတည်မြဲခြင်းအနိစ္စ၊ ဆင်းရဲခြင်း ဒုက္ခ၊ ပုဂ္ဂိုလ်သတ္တဝါ၊ အတ္တမဟုတ်သော အနတ္တသဘောတို့ကို နစ်နောသက်ဝင် အမှန်မြင်လျက် ခင်မင်မှုသမုဒယ ပယ်နိုင်ကြ၍၊ ဒုက္ခခပ်သိမ်းချုပ်ပြတ်ငြိမ်းရာ၊ ချမ်းသာစစ် ချမ်းသာမှန် မြတ်နိဗ္ဗာန်ကို ဧကန်မုချ ရောက်နိုင်ကြရန် သတိပဋ္ဌာန်(၄)ပါး မြတ်တရားကို ပွားများအားထုတ်ကြပါစို့ ဘုရား။

သာဓု သာဓု သာဓု